Tuesday, March 31, 2015

ဝါးနဲ့ဆောက်တဲ့အိမ်ကလေး ( ညိုယဉ်ဆောင်း )

ဝါးနဲ့ဆောက်တဲ့အိမ်ကလေး
ညိုယဉ်ဆောင်း


မင်္ဂလာပါ…မောင်လေး၊ ညီမလေးတို့ရေ ဒီတစ်ပတ်မှာတော့ မောင်လေး၊ ညီမလေးတို့ကို ခိုင်ခံ့လှပပြီး နှစ်သက်ဖွယ်ကောင်းတဲ့ ဝါးအိမ်လေးကို ရှာဖွေတွေ့ရှိခဲတဲ့ အမြီးရှည်ကြက်တူရွေးလေး အကြောင်းကိုပြောပြချင်ပါတယ်။
တစ်နေ့မှာ အမြီးရှည်ကြက်တူရွေးလေးတစ်ကောင်စာ နေစရာနေရာ ကို ပျံသန်းရှာဖွေရင်း အိမ်လေးတစ်လုံကို တွေ့လိုက်တယ်။ အဲဒီအခါမှာ ကြက်တူရွေးလေးဟာ အိမ်လေးကိုကြည့်ပြီးပြောလိုက်ပါတယ်။
“ဒီအိမ်လေးဟာ ဝါးနဲ့ဆောက်ထားတာလား။ သံမဏိ ဒါမှမဟုတ် အင်္ဂတေနဲ့လား။ ဘာပဲဖြစ်ဖြစ် အတူတူပါပဲလေ။ အိမ်လေးက ခိုင်ခံ့ပြီး နှစ်သက်စရာကောင်းလိုက်တာ” လို့ သူကပြောလိုက်ပါတယ်။
“ဟုတ်တယ်။ အိမ်လေးကလှပပြီး နေချင်စရာကောင်းတယ်။ ဒါပေမဲ့ ဒီအိမ်ပိုင်ရှင် လယ်သမားကြီးကတော့ ဒီအိမ်ကို မကြိုက်ဘူး” လို့ အိမ်ရှေ့ တံခါးဝ အနီးမှာရှိတဲ့ခွေးလေးက ပြန်ပြောလိုက်တယ်။
“ဘာဖြစ်လို့လဲ အိမ်လေးက ရိုးရိုးရှင်းရှင်းလေးနဲ့ ကြီးမားကျယ်ပြန့်ပြီး ခိုင်ခံ့လှပတယ်။ ကျက်သရေရှိလှတဲ့ အိမ်လေးတစ်လုံးပဲ”
“ဒါက ဝါးနဲ့ဆောက်ထားတာလေ၊ ပိုင်ရှင်က ဝါးကိုမကြိုက်ဘူး”
“ဘာဖြစ်လို့လဲ”
“ဘာဖြစ်လို့လဲဆိုတော့ ဝါးဟာ ဆင်းရဲခြင်းရဲ့ သင်္ကေတလို့ သူက ထင်တယ်လေ” လို့ ခွေးလေးကပြောလိုက်တယ်။
“ဒါပေမဲ မင်းသေချာကြည့်မယ်ဆိုရင် ဘယ်သူမဆို ဒီမှာနေရတာ ကံကောင်းတယ်လို့ ထင်ကြမှာပဲ။ ဒုတိယထပ်က အရိပ်ကောင်းကောင်းရတဲ့ လသာဆောင်ကို ကြည့်ပါလား။ သိပ်ကောင်းတဲ့အိမ်ပဲ။ ငါတို့သာ ဒီမှာနေပြီး ဒုတိယထပ်ကနေ ရှုခင်းတွေကိုကြည်ပြီး အေးအေးဆေးဆေး အနားယူရမယ်ဆိုရင် သိပ်ကောင်းမှာပဲ” လို့ ကြက်တူရွေးလေးက ပြောလိုက်တယ်။
“ငါလည်းအောက်ထပ်မှာနေရတာ ပျော်ရွှင်ပြီး သဘောကျပါတယ်။ ဒါပေမဲ့ ဒီအိမ်ပိုင်ရှင်က ဒီနေရာမှာ မနေချင်တော့ဘူးလေ၊ တခြားတိုင်းပြည်က လူတွေကတော့ ဒီအိမ်မျိုးကို ကြိုက်ကြမယ်လို့ထင်တာပဲ၊ ဥပမာ ဂျာမန်တွေပေါ့”
“ဂျာမန်တွေက ဘာဖြစ်လို့ ဒီအိမ်ကိုကြိုက်ကြတာလဲ၊ သူတို့ဆီမှာ ဝါးမရှိဘူးလား” ကြက်တူရွေးကမေးလိုက်တယ်။



“မရှိဘူးလေ၊ သူတို့ ဒီဝါးအိမ်လေးကို မြင်ရင်သဘောကျမှာပဲ၊ သူတိုဟာ ဝါးကိုစနစ်တကျ လေ့လာ လိုက်တဲ့အခါမှာ ဝါးဟာတခြားပစ္စည်းတွေထက် ပိုပြီးခိုင်မာတယ်လို့ ယုံကြည်ကြတယ်။ ဒါကြောင့် ဝါးကို ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အခြေခံပစ္စည်းအဖြစ်နဲ့ သုံးကြတယ်”
“ဒါဆို လယ်သမားကြီးက ဘာလို့ ဒီမှာမနေချင်ရတာလဲ၊ ခိုင်မာပြီး ငလျင်လှုပ်တဲ့အခါမှာ ကွေးညွတ်သွားတယ်။ လွယ်လွယ်ကူကူနဲ့ မကျိုးပျက်နိုင်တဲ့ အိမ်မျိုးပဲလေ”
“သူက ခြတွေကိုကြောက်လို့ဖြစ်လိမ့်မယ်။ သူ့ရဲ့ ဒုတိယကလေး မမွေးခင် ခြတွေက အိမ်ကိုစားသွား မှာကြောက်တယ်လေ” လို့ ခွေးလေးကပြန်ပြောတယ်။
“ဟုတ်တာပေါ့၊ ခြတွေက ဝါးရဲ့အတွင်းမှာရှိတဲ့ ကစီဓာတ်ကိုကြိုက်ကြတယ်လေ”
“ခုတော့ ကိစ္စမရှိတော့ပါဘူး။ သူတို့က ဝါးရဲ့ ကစီဓာတ်ကို ဖယ်ရှားပြီး ခြမစားနိုင်အောင်လုပ်ထားတယ်လေ”
“ဂျာမန်တွေရဲ့ ဓါတုနည်းပညာနဲ့လား” လို့ ကြက်တူရွေးကမေးတယ်။
“မဟုတ်ဘူး၊ လုံးဝမဟုတ်ဘူး၊ ဓါတုပစ္စည်းတွေက အဆိပ်ဖြစ်စေတယ်။ အခုနည်းက ဝါးကရတဲ့ သဘာဝနည်း၊ ဝါးမီးခိုးနဲ့”
“ဝါးကိုမီးရှို့ပြီး တစ်ချိန်တည်းမှာ ဘယ်လိုသုံးမှာလဲ။ ငါနားမလည်ဘူး”
“အဆောက်အဦအတွက် ဝါးက (၆) မီတာအရှည်လောက်လိုတဲ့အတွက် တိုတဲ့ဝါးတွေကို ချက်ပြုတ်ဖို့ မီးသွေးဖုတ်လိုက်တယ်။ အဲဒီက မီးခိုးငွေ့တွေက ကျန်တဲ့ဝါးတွေကို ပိုမိုကောင်းမွန်အောင် ပြုပြင်ပေးခဲ့တယ်။”
“ဒါလည်း သိပ်မကောင်းဘူးနော်၊ မီးခိုးငွေ့တွေဟာ အဆိပ်ငွေ့ပဲ၊ အဲဒါက လေထုကို ညစ်ညမ်းစေတယ်” ကြက်တူရွေးလေးက စိတ်ပူပြီးပြောလိုက်တယ်။
“အဲဒါပ ပြဿနာမရှိပါဘူး။ မီးခိုးမှန်သမျှ သစ်တွေအတွက်ကောင်းတယ်။ ဝါးတွေက ထွက်လာတဲ့ မီးခိုးတွေကို အားလုံးကစုပ်ယူထားလိုက်ပြီး ဝါးရဲ့အတွင်းပိုင်းမှာ ခြစားတာနဲ့ အစိုပြန်မှုကို ကာကွယ်ပေးတယ်။ လေထုညစ်ညမ်းမှုလည်းမဖြစ်တော့ဘူး” လို့ ခွေးက ရှင်းပြတယ်။
“အိုး… သိပ်ကောင်းတာပဲဟေ့၊ ငါယုံကြည်လက်ခံသွားပြီ၊ လယ်သမားကြီး ဒီမှာနေနေ၊ မနေနေ၊ ငါဒီကိုပြောင်းလာတော့မယ်။ ဒီအိမ်ဟာ လုံခြုံပြီးလှပခံ့ညားရုံတင်မကဘူး၊ ချက်ပြုတ်စရာ မီးသွေး လည်းရှိတယ်။ လေထုညစ်ညမ်းမှုလည်းမရှိဘူး” လို့ ကြက်တူရွေးလေးက ပြောလိုက်တယ်။
အဲဒီနောက်မှာတော့ သူဟာ ချက်ချင်းပဲ ဒီနေရာကိုပြောင်းလာခဲ့တော့တယ်။
---------------------------------------------------
ညိုယဉ်ဆောင်း
 


1 comment:

  1. ယခုအချိန်အထိခန့် မှန်းရရှိသည်မှာအနည်းဆုံး၅ဦးမှအများဆုံး၁၂ဦးရှိမည်ဖြစ်ပြီးစားရိတ်မျှကျခံသည့်အလေ့အထကိုကျင့်သုံးကြပါမည်။4-4-2015နေ့ လည်၁၂၀၀နာရီနောက်ဆုံးထားစာရင်းပေးကြပါရန်။ဒေါ်ဖြူဖြူလွင်။ဖုံး၀၉၇၃၀၃၂၄၀၇။

    ReplyDelete