Monday, March 30, 2015

ပင်ဝါးရုံကလေး ကာကွယ်ပေး (ဒေါ်လေးပိစိ )

ပင်ဝါးရုံကလေး ကာကွယ်ပေး (ဒေါ်လေးပိစိ )



တူ တူမလေးတို့ရေ မင်္ဂလာပါကွယ်
ယခုရောက်ရှိနေတဲ့ မေလဟာ ဒေါ်လေးတို့အတွက် မမေ့နိုင်တဲ့ နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့တဲ့ လတစ်လပေါ့။ ဒီနာဂစ်မုန်တိုင်းဒဏ်ကို ဧရာဝတီတိုင်းဒေသကြီးနဲ့ ရန်ကုန်တိုင်းဒေသကြီးတို့မှာ တော်တော်ကြီး ခံစားခဲ့ရတယ်။ နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီတိုင်းမှာဆိုရင် မိဘမဲ့ကလေးတွေ ရှိခဲ့သလို လူပေါင်းများစွာလည်း သေကြေပျောက်ဆုံးခဲ့ရတယ်။ ရန်ကုန်တိုင်းမှာဆိုလည်း အဆောက်အဦတွေမှာ ပြိုတာပြို၊ ပျက်တာပျက်နဲ့ ကြီးမားလှတဲ့ သစ်ပင်ကြီးတွေ အများစုဟာလည်း အမြစ်က ကျွတ်ထွက်တာနဲ့ ထက်ပိုင်းပြတ်တာနဲ့ အတော်လေးကို ရှုခင်းတွေက အကျည်းတန်ခဲ့တယ် မဟုတ်လား။

၂၀၀၈ ခုနှစ် မေလ ၂ ရက် ၃ ရက်နေ့တွေမှာ ဝင်ရောက်ခဲ့တဲ့ နာဂစ်မုန်တိုင်းက အခု ၂၀၁၃ ခုနှစ် မေမှာဆို မမေ့နိုင်တာ ၅ နှစ်ရှိပြီပေါ့ကွယ်။ နာဂစ်မှာ ကမ်းရိုးတန်းဒေသနေတဲ့သူတွေဟာ ဒီရေတောပင်တွေကြောင့် အသက်အန္တရာယ် အကာအကွယ်ရခဲ့တယ်လို့ သိရတယ်။ ဒီရေတောပင်တွေလိုပဲ အဖိုးတန်တဲ့ အပင်တစ်မျိုးက ဝါးပင်ပဲ။

ဝါးနဲ့ပတ်သက်လို့ လွန်ခဲ့တဲ့ ၁၀ နှစ်ကာလက စပြီး မင်းဘူးမြို့နယ် ရွှေစက်တော်ဝန်းကျင်မှာရှိတဲ့ ဝါးပင်လေးတွေဟာ အရွယ်အစားသေးငယ်လာပြီး ရှားပါးလာတယ်လို့ ဒေသခံ ငဖဲမြို့သားတွေကပြောတယ်။ သူတို့ ဒေသကထွက်တဲ့ ဝါးတွေကို ရွှေစက်တော်ဘုရားပွဲ တစ်ရာသီမှာ အဆောက်အအုံ ဆောက်လုပ်ဖို့အတွက် ဝါးတွေကို သန်းချီသုံးပြုရတယ်လို့ ပြောတယ်။ ဒီနှစ်မှာဆိုရင် ဝါးရင့်ကိုတောင် မသုံးနိုင်ဘဲ ဝါးနုတွေပဲ သုံးကြတယ် လို့ ငဖဲမြို့သားတွေက ပြောတယ်။

သဘာဝအတိုင်းရတဲ့ ဝါးပင်တွေကို ပြန်လည် အစားထိုးခြင်းတွေ မလုပ်ဘူးဆိုရင်တော့ နောင်တစ်ချိန်မှာ ဝါးမျိုးတွေပြုန်းလာနိုင်တယ်။ မျိုးပြုန်းခြင်းဆိုတာ လူတွေကြောင့်လည်း ဖြစ်ရတာရှိသလို ဝါးပင်ရဲ့ သက်တမ်းအရ ဖြစ်တာလည်းရှိပါတယ်။

ဝါးပင်တွေကို စိုက်ပျိုးဖို့ဆို မြေသြဇာမလိုဘူး။ ယုယစရာမလိုဘူး။ ဝါးပင်တွေက အမျိုးအစားပေါင်းများစွာရှိတဲ့အတွက် နေရာဒေမျိုးစုံမှာ ပေါက်ရောက်နိုင်တဲ့ လိုက်လျောညီထွေတဲ့ အပင်တစ်မျိုးပါပဲကွယ်။

ဝါးရဲ့အကြေတွေက လိုသလို ကွေးနိုင်၊ ညွှတ်နိုင်တဲ့ ပျော့ပျောင်းတဲ့ စွမ်းအင်ရှိတယ်။ သူ့ရဲ့ ထူးခြားချက်က သူ့ရဲ့ အမြစ်တွေက တစ်မြစ်ပေါ်တစ်မြစ်ကပ်ပြီး ပွားတာကြောင့် မြေကိုကုပ်တွယ်ထားအား ကောင်းတယ်။ မြေကို ကုပ်တွယ်အားကောင်းတော့ မြေဆီလွှာတိုက်စားမှုကိုလည်း ကာကွယ်ပေးတာပေါ့။ ဝါးပင်တွေဟာ နှစ်ရှည်လည်းခံ အကြမ်းလည်းခံတဲ့၊ ကြီးထွားမှုနှုန်းလျင်မြန်တဲ့ အမြဲစိမ်းပင် တစ်မျိုးပဲ။ ဝါးပင်တွေကို မြက်ကြီးပင်လို့လည်းခေါ်လို့ရတယ်။

သဘာဝပတ်ဝန်းကျင် အကျိုးအတွက်ဆိုရင်လည်း ဝါးပင်တွေဟာ ကမ္ဘာကြီးကို ပူနွေးမှုဖြစ်စေတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ကို ငါးဆပိုစုပ်ယူတယ်။ လူတွေအတွက် လိုအပ်တဲ့ အောက်စီဂျင်ကိုတော့ ၃၅ ရာခိုင်နှုန်း ပိုပြီးထုတ်ပေးတယ်လို့ သိရတယ်။

တချို့တိုင်းပြည်တွေမှာ သစ်ပင်သစ်တောနည်းပါးပြီး မရှိသလောက်ဖြစ်နေတာကြောင့် အောက်ဆီဂျင်ဘား လို့ခေါ်တဲ့ လေရှုလုပ်ငန်းတွေကို စီးပွားဖြစ်လုပ်နေကြတယ် လို့ သိရတယ်။

ဒါ့အပြင် ဝါးပင်တွေဟာ အခြားအပင်တွေထက် ရေစုပ်ယူမှုနည်းတယ်လို့ သိရတယ်။ ဝါးမြစ်တွေ ကုပ်တွယ်အားလည်းကောင်းတယ်။ လိုသလိုကွေးနိုင်တဲ့ အစွမ်းတွေကြောင့် ငလျင်ဒဏ်နဲ့ မုန်တိုင်းဒဏ်ကို ကြံ့ကြံ့ခံနိုင်တဲ့ အပင်ဖြစ်တယ်။ မြေပြိုခြင်းဖြစ်တဲ့ နေရာတွေမှာ ဝါးရုံပင်လေးတွေသာရှိမယ်ဆိုရင် မြေပြိုခြင်းကိုပါ ကာကွယ်ပေးနိုင်ပါတယ်။

ဝါးရဲ့အသုံးဝင်ပုံလေးတွေကိုလည်း ပြောပြမယ်။ တူ-တူမလေးတို့ရဲ့ အနီးပတ်ဝန်းကျင်မှာပဲ ဝါးရဲ့ ပုံသဏ္ဍာန် အမျိုးမျိုးကို တွေ့လို့ရပါတယ်။ အလွယ်ဆုံးကတော့ တူ-တူမလေးတို့ သုံးနေတဲ့ ငွေကြေးပဲ။ ပြီးရင် တူ-တူမလေး တို့သုံးနေတဲ့ စက္ကူတွေဟာ ဝါးကနေရတာပဲ။

ဒါ့အပြင် သစ်မသုံးနိုင်တဲ့သူတွေအတွက် နေစရာအိမ်လေးတွေကို ဝါးနဲ့ဆောက်လုပ်ကြတယ်။ သစ်အစားထိုးသုံးတာပေါ့။ ခြံစည်းရိုးကာမယ်။ တံတာခင်းမယ် စတဲ့ အိမ်ဆောက်ပစ္စည်းအနေနဲ့လည်း သုံးနေကြတယ်။ အိမ်ထောင်သုံး ပရိဘောဂ ပစ္စည်း၊ အမှတ်တရ ပစ္စည်းတွေ ပြုလုပ်အသုံးပြုကြတယ်။ ကျေးလက်တွေရဲ့ နေအိမ်တွေမှာ အများဆုံး ဝါးပရိဘောဂတွေ တွေ့ရတယ်။

နောက် ဝါးကို စားသောက်ကုန်သုံး ပစ္စည်းအဖြစ်လည်း တွေ့ရတယ်။ အထင်ရှားဆုံးက ဝါးတူလေးတွေပဲ။ နောက်ပြီး ဇီဝလောင်စာအနေနဲ့လည်း သုံးလို့ရတယ်။ ကမ္ဘာမှာဆိုရင် လောင်စာအတွက် သစ်ပင်တွေ အလွန်အကျွံ ခုတ်တာကြောင့် သစ်တောပြုန်းတီးမှုတွေ ဖြစ်လာတဲ့ အချိန် သစ်အစားထိုး လောင်စာအဖြစ် ဝါးမီးသွေးထုတ်လုပ် မှုတွေကြောင့် မကြာခင်မှာ ဝါးကရတဲ့ ဇီဝလောင်စာဟာ အရာရောက်လာတွေမှာလို့ သိရတယ်။

ဝါးမီးသွေးရဲ့ ထူးခြားချက်က အနံ့ဆိုးတွေကို စုပ်ယူတယ်တဲ့ ရေမှာပျော်ဝင်နေတဲ့ အန္တရာယ်ရှိ ပစ္စည်း၊ လေထုထဲမှာရောက်ရှိနေတဲ့ အန္တရာယ်ရှိပစ္စည်း ဓါတ်ငွေ့တွေကို စုပ်ယူပေးတာကြောင့် ရေထုကိုရော လေထုကိုပါ သန့်စင်ပေးတယ်လို့ ဆိုတယ်။

တရုတ်နိုင်ငံမှာဆိုလည်း သိပ္ပံပညာရှင်တွေက ဝါးပင်ရဲ့ မျိုးဗီဇ သတင်းအချက်အလက် အပြည့်အစုံပါဝင်တဲ့ မြေပုံထုတ်ပြီး မျိုးကောင်း၊ မျိုးသန့်တွေကို သုတေသနပြုလုပ်နေတယ်။ ဝါးကိုတစ်နေရာမှာ အစားထိုးဖို့လုပ်နေတယ်။ တရုတ်နိုင်ငံက ဝါးကို အများဆုံး စိုက်တဲ့နိုင်ငံဖြစ်သလို အများဆုံး သုံးတဲ့နိုင်ငံလည်းဖြစ်တယ်။ သူတို့ရဲ့ အဓိက က စက္ကူထုတ်ဖို့နဲ့ ပရိဘောဂပစ္စည်းထုတ်ဖို့အတွက်ပဲ။ ဒါဖြင့် မျိုးရိုးဗီဇနည်းအရ မျိုးစပ်ဝါးတွေကိုလည်း ထုတ်လာနိုင်တာကြောင့် ပင်ဒါဝက်ဝံလေးတွေအတွက် အစာကိုပါ အလုံအလောက် ထုတ်လုပ်ပေးနိုင်တော့မှာလို့ သိရတယ်။

ဂျပန်နိုင်ငံမှာက ဝါးကို ဝါးအခေါက်မှာပါဝင်တဲ့ ဓါတ်တိုးဆန့်ကျင်နိုင်တဲ့ ဂုဏ်သတ္တိရှိတာကြောင့် ဘက်တီးရီးယားတွေရဲ့ ကြီးထွားမှုကို ဟန့်တားပေးနိုင်တဲ့ အတွက် အစားအသောက်တွေကို သဘာဝနည်းနဲ့ တာရှည်ခံအောင်ပြုလုပ်ရာမှာ ဝါးကိုသုံးတယ်။

တူ-တူမလေးတို့ရေ ဒေါ်လေးတို့ရဲ့မြန်မာနိုင်ငံရဲ့ နေရာတော်တော်များများမှာ ဝါးပင်တွေကို ပေါများစွာ တွေ့မြင်နိုင်ပါသေးတယ်။ ဒီတော့ ဝါးပ်ငတွေကို ခုတ်ယူမယ်ဆိုရင် ပြန်ဖြည့်ဖို့ကိုပါ ထည်းသွင်းစဉ်းစားရမယ်။ ဝါးမျိုးမပြုန်းအောင် စိုက်ပျိုးနည်းပညာတွေ၊ ဝါးနဲ့ပတ်သက်တဲ့ သုတေသနလုပ်တာတွေ၊ ဝါးကိုခံနိုင်ရည်ရှိဖို့ ဝါးပစ္စည်းတွေကို ကြာရှည်စွာ ထိန်းသိမ်းထားနိုင်ဖို့ နည်းပညာတွေဖော်ထုတ်ပေးဖို့လိုအပ်ပါတယ်။ စီးပွားဖြစ်အောင်လုပ်ပြီး ဒေသရဲ့ လူမှုစီးပွားအခြေအနေတွေ ဖွံ့ဖြိုးတိုးတက်မှုတွေကိုလည်း စဉ်းစားထားဖို့လိုပါတယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူများက အကြံပြုနေပါတယ်။

တူ-တူမလေးတို့ရေ ဂျပန်မှာဆိုရင် အလွန်ကြောက်စရာကောင်းတဲ့ အဏုမြူဗုံးကျခဲ့ပြီးတဲ့နောက်ပိုင်း ပထမဆုံးရှင်သန်လာတဲ့ အပင်က ဝါးပင်ပါပဲ။ ဝါးပင်လေးတွေဟာ နွဲ့ပြီးပျော့ပျောင်းတဲ့ သဘောရှိပေမဲ့ သူ့ရဲ့ စွမ်းအာက ဘယ်ဘေးကိုမဆို ကြံ့ခိုင်စွာနဲ့ ရင်ဆိုင်တတ်တယ်။ ဒီဝါးပင်လေးကို နမူနာယူပြီး တူ-တူမလေးတို့ရဲ့ ဘဝမှာ ဘယ်လိုအခက်အခဲပဲရှိ၊ ဘယ်လိုဘေးနဲ့ပဲ တွေ့လာလာ ကြံ့ခိုင်တဲ့ စွမ်းအားနဲ့ ဝါးပင်လေးနည်းတူ အခက်အခဲတွေကို ကျော်လွန်နိုင်မယ်ဆိုတာ သေချာတာပေါ့ကွယ်။

သြော်…ဝါးသီးအကြောင်းဗဟုသုတ မှတ်ထားဖို့ပြောရဦးမယ်။ ဝါးသီးတွေထဲမှာ ပါဝင်တဲ့ ကစီဓာတ်ကို ကြွက်တွေက နှစ်သက်စွာ စားကြတယ်။ ဝါးစေ့တွေက ကြွက်တွေရဲ့ ဟိုမုန်းဓာတ်ကို အားပေးတာကြောင့် ၎င်းတို့ရဲ့ မျိုးပွားနှုန်းများ မြင့်တက်တယ်လို့ သိရတယ်။ ဝါးသီး သီးချိန် ကြွက်အန္တရာယ်ကိုတော့ သတိပြုရမှာပေါ့ကွယ်။
--------------------------------------------------------------------------------------------------------- 
 ရွှင်လန်းချမ်းမြေ့ပါစေ
 
ဒေါ်လေးပိစိ

စွယ်စုံဝါး


အစိမ်းရောင်ရွှေ (ဒေဝီသန့်စင်)


အစိမ်းရောင်ရွှေ

==================================================

ရွှေစိမ်းဖြစ်နေတဲ့ဝါးကို မြန်မာတစ်နိုင်ငံလုံး တူညီတဲ့ ဝါးဈေးကွက်နဲ့ ထိန်းချုပ်ထားနိုင်မှသာ ရေရှည် စီးပွားရေးလုပ်ငန်းအဖြစ် ဆောင်ရွက်သွားနိုင်ပါလိမ့်မယ်။
==================================================

 အမှန်တော့ ရွှေဆိုတာအဝါရောင်ဆိုတာ လူတိုင်းသိပြီးသားပါ။ ကမ္ဘာ့သတ်မှတ်ချက်အရ အဖိုးတန်ပစ္စည်း အနေနဲ့ လူအများနှစ်ခြိုက်သုံးစွဲနေကြတယ်ဆိုတာ လည်းငြင်းလို့မရပြန်ဘူး။ ဟုတ်တယ်လေ။ ဆင်းရဲချမ်းသာ ရွှေရှိရင်ငွေဖြစ်တယ် မဟုတ်ပါလား။ ဒီတော့ ရွှေကိုမှတ်ကျောက်တင်ပြီး တိုင်းပြည်နဲ့လူမျိုးကို ရွှေနိုင်ငံ ၊ရွှေမြန်မာရယ်လို့ ကမ္ဘာ့အလယ်မှာသိနေကြတာပေါ့။ မြန်မာအတော်များများ မသိသေးတဲ့ကမ္ဘာ့ဈေးကွက်မှာ အစိမ်းရောင်ရွှေလို့ဈေးကွက်ဝင်နေတဲ့ ဝါးအကြောင်းပဲ။ ကမ္ဘာကတန်ဖိုးထားနေလို့ ရေနံကို ရွှေမဲလို့တင်စားသလို ဝါးကိုလည်း ရွှေစိမ်းလို့သတ်မှတ်နေကြပြီ။ ဒီတော့ရွှေမြန်မာတိုအတွက် အစိမ်းရောင်ရွှေဖြစ်နေတဲ့ ဝါးကိုမိတ်ဆက်ပေးချင်ပါတယ်။

မြန်မာနိုင်ငံရဲ့ သယံဇာတကြွယ်ဝမှုကြောင့် ကမ္ဘာ့စီးပွားရေးဈေးကွက် လိုအပ်ချက်အရ ပြင်ပနိုင်ငံတကာက စိတ်ဝင်စားခြင်းကိုခံနေရတယ်။ ဟိုးတုန်းက ကမ္ဘာမှာနံပါတ်တစ်လူသိများတဲ့ နာမည်တစ်လုံးနဲ့သစ်ကလည်း ကျွန်းရွှေဝါပဲလေ။ အခုရာစုအတွက် အစိမ်းရောင်ရွှေလို့ တင်စားခံထားရတာ ဝါးပင်ပါဆိုရင် အံ့သြများသွားကြမလားပဲနော်။ ကျွန်းရွှေဝါခေတ်က ဝါးကိုဆင်းရဲသားများအတွက်သစ် (Poor man’s timber) လို့သတ်မှတ်ခဲ့ကြတာပါ။ ကမ္ဘာမှာ ကျွန်းရှားလာသလို အထူးပြုခံခဲ့ရတဲ့ မြန်မာကျွန်းရွှေဝါတွေလည်း ကုန်သလောက်ရှိနေပါပြီ။ ဒီတော့ ဈေးကွက်လိုအပ်ချက်အတွက် အစားထိုးဖို့ နည်းပညာနဲ့ အဆင်မြင့်ပေါင်းစပ် ရှာဖွေကြတော့ ဝါးကိုသွားတွေ့ကြတယ်။ ဒီတော့ တစ်ပင်လုံးအသုံးဝင်နေတဲ့ ဝါးဟာရွှေဖြစ်လာတာ အဆန်းမဟုတ်ပေမဲ့ ကျေးလက်ပြည်သူတွေအဖို့တော့ ဆန်းနေပါလိမ့်မယ်။ ကျေးလက်နေသူကတော့ ဝါးကို အိမ်ဆောက်၊ တိုင်ထောင်၊ ဖေါင်ဖွဲ့၊ ငြမ်းဆင်၊ စကောဆန်ခါကလွဲလို့ ဝါးတန်ဖိုးကို မသိကြရိုးအမှန်ပါ။ ပြည်တွင်းစက်မှုလက်မှု လုပ်ငန်းရှင်အချို့ကတော့ ယွန်းထည်ပစ္စည်း၊ ဝါးပါကေးကြမ်းခင်း အသုံးအဆောင်ပစ္စည်းမျိုးစုံကို ထုတ်လုပ်နေကြတာတွေ့ရပါတယ်။ ဒါပေမဲ့ အဓိကကုန်ကြမ်းဖြစ်တဲ့ ဝါးကို စနစ်တကျပြုစုပျိုးထောင် စိုက်ပျိုးကြဖို့ မေ့နေကြဟန်တူရဲ့။ ကမ္ဘာ့ဈေးကွက်ကို သိထားကြတဲ့ အိမ်နီးချင်းနိုင်ငံတွေက ဝါးဈေးကွက်ကိုသိထားကြတော့ မြန်မာနိုင်ငံမှာ ဝါးစေ့တွေလာဝယ်စုဆောင်းနေကြပါပြီ။

မြန်မာနိုင်ငံအနေနဲ့ ဝါးထက်အဖိုးတန်တဲ့ သယံဇာတတွေရှိနေတော့ ဆင်းရဲသားရဲ့သစ်ကို စိတ်မဝင်စားတာ မထူးဆန်းပါဘူး။ ဒါပေမဲ့ ဆင်းရဲနွမ်းပါးမှုလျော့ချပေးချင်တယ်ဆိုရင်တော့ စိတ်ဝင်စားမှဖြစ်တော့မယ်။ ဒါကြောင့် စာရေးသူ ဝါးချစ်သူအသင်းဖွဲ့ပေးဖြစ်ခဲ့တာပါ။ ပညာရှင်တွေရဲ့ဝိုင်းဝန်းကူညီမှုတွေနဲ့ ဝါးတောတွေကို နည်းပညာအရ ထိန်းသိမ်းခြင်း၊ သုတေသနပြုလုပ်ခြင်း၊ စနစ်တကျစိုက်ပျိုးထုတ်လုပ်ခြင်းတွေကို သင်တန်းပို့ချမှုတွေ၊ ဆွေးနွေးဖလှယ်မှုတွေနဲ့ ခရီးဆက်ဖို့ ရည်ရွယ်ထားပါတယ်။

မြန်မာမြေပုံရဲ့ ပဲခူးရိုးမ၊ ရခိုင်ရိုးမ၊ တနင်္သာရီတိုင်း ဆိုတဲ့နေရာဒေသတွေဟာ တစ်ချိန်က ဝါးတောကြီးတွေစိုးမိုးခဲ့ကြတာပါ။ ဒါကြောင့်လည်း ကမ္ဘာ့တတိယမြောက် ဝါးတောဧရိယာ ပိုင်ဆိုင်မှုအများဆုံးနိုင်ငံ ဖြစ်ခဲ့ဖူးတယ်။ အခုတော့ ဒေသခံတွေပြောပြချက်အရ ဝါးလှည်းတစ်စီးရဖို့ တောင်ပေါ်မှာ ၃ ညအိပ်ရင်းခုတ်နေရပြီတဲ့။ ဝါးပေါခဲ့တဲ့ပေါက်ခေါင်း၊ သာယာဝတီက လူတွေတောင် ဝါးလိုချင်ရင် တခြားကဝယ်သုံးနေရတယ်လို့ သိရပါတယ်။ ဟုတ်မှာပါ။ မြန်မာလူမျိုးရဲ့ အသိမှာ ခုတ်ဖို့ပဲသိခဲ့တာလေ။ ဝါးစိုက်ဖို့ဆိုတာ မြန်မာနိုင်ငံအတွက် ရယ်စရာပေါ့။ ဘယ်နေရာမှာကြည့်ကြည့် ဝါးတောတွေမြင်နေကြရတော့ ဝါးကိုစိုက်စရာလားဆိုတဲ့ မေးခွန်းတွေအတွက် စိတ်မကောင်းဖြစ်မိခဲ့တာအမှန်ပါ။ ကမ္ဘာ့ဈေးကွက်ဆိုတဲ့ ဗဟုသုတနဲ့ အလှမ်းဝေးလေတော့ ဝါးဟာ ရွှေစိမ်းဖြစ်နေပြီဆိုတာရော ယုံနိုင်ကြပါ့မလား။ သိတဲ့လူတွေကတော့ ဈေးကွက်အတွက်ဖေါ်စားကုန်ကြပါပြီ။ ဝါးတန်ဖိုးမသိတော့ ဝါးပေါတဲ့နိုင်ငံမှာနေပေမဲ့လည်း ဝါးတောတွေကို အစိမ်းသက်သက်သုံးရုံကလွဲလို့ ကျော်သွားမိနေငြကတယ်။ ဝါးတော စနစ်တကျစိုက်တတ်ဖိုလိုတယ်။ ဝါးတောတွေပေါနေပေမဲ့အရည်အသွေးမီတဲ့ဝါးတွေဖြစ်မှ အဆင့်မြင့်ပစ္စည်းတွေ ထုတ်လုပ်နိုင်မှာပါ။ ဝါးဟာ ကရိကထများတဲ့ ယုယရတဲ့အပင်မျိုးမဟုတ်ပါဘူး။ အကြမ်းခံနိုင်တဲ့သတ္တိရှိတယ်။ မိုးဒဏ်လေဒဏ်ကို ပျော့ပြောင်းညွှတ်ကွေးနိုင်တဲ့အစွမ်းသတ္တိကြောင့် ခိုင်ခန့်တဲ့ ပင်စည်ကြီးများထက်ပိုခံနိုင်ရည်ရှိပါတယ်။ ၁၉၄၅ ခုနှစ် ဂျပန်ဟီရိုရှီးမားအဏုမြူဗုံးဒဏ်နောက်ပိုင်း ပထမဆုံးပြန်လည်ရှင်သန်ပေါ်ပေါက်ရောက်နိုင်တဲ့အပင်ဟာ ဝါးပင်ပဲဖြစ်ပါတယ်။ တကယ်တော့ ဝါးဟာမြန်မာလူမျိုးအတွက် ရင်းနှီးပြီးသားပါ။ စနစ်တကျ စိုက်ပျိုးထိန်းသိမ်းတတ်မယ်၊ အဆင့်မြင့်နည်းပညာပေါင်းစပ်မှုတွေရမယ်ဆို ကမ္ဘာ့ဈေးကွက် မရောက်နိုင်စရာမရှိပါဘူး။ ကိုယ့်ရဲ့ ဝါးကုန်ကြမ်းကို တန်ဖိုးထားတတ်ကြဖို့တော့ လိုပါတယ်။

တစ်ခြားနိုင်ငံကနည်းပညာတွေနဲ့ငွေရှိသူတွေ ဘယ်လောက်များများ အဓိကဝါးကုန်ကြမ်းမရရင် ဘယ်ပစ္စည်းမျိုးကိုမှ ထုတ်လုပ်ရောင်းချနိုင်ကြမှာမဟုတ်ပါဘူး။ ကမ္ဘာမှာ ဝါးကုန်ကြမ်းတွေရှားလာပြီးဈေးကြီးလျက်ရှိတာကိုလည်း အသိပေးပါရစေ။ ဒါကြောင့်အခြေခံအရေးကြီးဆုံးဖြစ်တဲ့ အဓိကဝါးကုန်ကြမ်းကို ခိုင်မာတဲ့ဈေကွက်တည်ဆောက်ဖို့လိုပါတယ်။ ရွှေစိမ်းဖြစ်နေတဲ့ဝါးကို မြန်မာတစ်နိုင်ငံလုံး တူညီတဲ့ ဝါးဈေးကွက်နဲ့ ထိန်းချူပ်ထားနိုင်မှသာ ရေရှည်စီးပွားရေးလုပ်ငန်းအဖြစ်ဆောင်ရွက်သွားနိုင်ပါလိမ့်မယ်။ မဟုတ်ရင်တော့ ဝါးခြံပိုင်ရှင်တွေ၊ ဝါးစိုက်ပျိုးရောင်းသူတွေ တန်ဖိုးရှိတဲ့ ရွှေစိမ်းဖြစ်တဲ့ ဝါးကို ပိုင်ဆိုင်ထားကြပေမဲ့ အလုပ်သမားဘဝတွေက လွတ်မြောက်နိုင်မယ်မထင်ပါဘူး။ သူများပေးငွေနဲ့ စိုက်ခိုင်း၊ သူများဖြတ်တဲ့ဈေးနဲ့ရောင်းတဲ့ စနစ်တွေ ကုန်ဆုံးစေချင်ပါပြီ။

စိုက်ပျိုးရေးနိုင်ငံဖြစ်တဲ့ မြန်မာပြည်ဟာ ကိုယ့်မြေ၊ကိုယ့်ရေ၊ ကိုယ့်ဘဝတွေကို အရင်းတည်ပြီး တခြားနိုင်ငံတွေ ကြီးပွားချမ်းသာဖို့ စိုက်ပျိုးပေးနေရတယ်ဆိုတာ မဖြစ်သင့်ပါဘူး။ ကျွန်းနဲ့ အဖိုးတန်သစ်တောကြီးတွေကုန်သွားပါပြီ။ ဒီသစ်တောကြီးတွေပြန်ဖြစ်လာအောင် ပြန်စိုက်ရင်တောင် နှစ်ပေါင်း ၂၀ လောက် အချိန်ယူရပါလိမ့်မယ်။ ဝါးက ၂ နှစ်ကနေ မျိုးရင်းကိုလိုက်ဖို့ ၈ နှစ်အကြာဆုံးပါ။ အများအားဖြင့် ၂ နှစ်ကနေ ၅ နှစ်ဆို အလုပ်ဖြစ်နေပါပြီ။ အကြမ်းခံနိုင်တဲ့သတ္တိ၊ သဘာဝပတ်ဝန်းကျင်အတွက် မြေပြိုမှုကို ထိန်းနိုင်ခြင်း လေမိုးဒဏ်ကို ကာကွယ်ပေးနိုင်ခြင်း၊ O­­2 ပိုမိုထုတ်နိုင်ခြင်း၊ အေးမြတဲ့အရသာနဲ့ အတူချိုလွင်တဲ့လေတိုးသံကို ပေးဆောင်နိုင်ခြင်းတွေဟာလည်း ဝါးရဲ့ သဘာဝတန်ဖိုးတွေပဲမဟုတ်ပါလား။ ဆင်းရဲသားတွေ ဘဝငြိမ်းချမ်းအောင်လုပ်ပေးနိုင်တာ ဝါးပင်ဝါးတောဆိုတာ မမေ့သင့်ပါဘူး။

ကမ္ဘာရဲ့ ထောင်စုရည်မှန်းချက်တွေမှာလည်း ဆင်းရဲနွမ်းပါးမှုနဲ့ ငတ်မှုခေါင်းပါးလျော့ချရေးဟာ ပန်းတိုင်တစ်ခုအနေနဲ့ရှိပါတယ်။ ဒါပေမဲ့ ရည်ရွယ်ချက်သက်တမ်းဟာ ၂၀၁၅ ခုနှစ်ဆိုပြည်ပါတော့မယ်။ ကမ္ဘာမှာရော မြန်မာနိုင်ငံမှာပါ ဒီပန်းတိုင်ကိုဖြည့်ဆည်းပေးနိုင်ကြပါတော့။ ဝါးချစ်သူများအသင်းကတော့ မြန်မာကျေးလက် ပြည်သူတွေအတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့်အဖြစ် ကွက်လပ်ဖြည့်နိုင်ဖို့ သန္နိဌာန်ချထားပါတယ်။ မြန်မာတစ်နိုင်ငံလုံး ဝါးတောတွေကို ရွှေအဖြစ် တန်ဖိုးထားတတ်ကြပါစေလို့ ဆန္ဒပြုရင်း……

---------------------------------------------------------------------------------------------
ဒေဝီသန့်စင်

၂၀၁၅ ခုနှစ် မတ်လ ၃၀ ရက်နေ့ အစည်းအဝေးမှတ်တမ်း




၂၈ ၊ ၃ ၊ ၂၀၁၅ (စနေ) နေ့တွင် ယုဒဿန်ခန်းမ၊ ပြည်လမ်း ၌ မြန်မာဝါးချစ်သူများကွန်ယက် နှစ်ပတ်လည် အသင်းဝင်များ တွေ့ဆုံပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကျင်းပခဲ့ပါသည်။

ထိုအစည်းအဝေး၌ အလုပ်အမှုဆောင်အသစ်ပြန်လည်ဖွဲ့စည်းပြီး ထိုအလုပ်အမှုဆောင် (၁၁) ဦးအား ၃၀ ၊ ၃ ၊ ၂၀၁၅ (တနင်္လာ) နေ့တွင် အောင်ပင်လယ် လူမှုဝန်းကျင်မဂ္ဂဇင်း ရုံးခန်း၌ တွေ့ဆုံရန်စီစဉ်ခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာ၌ အဖွဲ့၏ ယခင်လက်ကျန်ငွေများ၊ အသင်းဝင်အသစ်များမှရ ရှိသော အသင်းဝင်ကြေးများ၊ အသင်းဝင်ဟောင်းများ၏ သက်တမ်းတိုးငွေများ လှူဒါန်းငွေများနှင့် လက်ကျန်ငွေများကို ဘဏ္ဍာရေးမှူးဖြစ်သူ ဒေါ်ဖြူဖြူလွင်ထံ၌ အပ်နှံထားပါသည်။ ၃ ၊ ၄ ၊ ၂၀၁၅ နေ့တွင် ဘဏ်၌ ပူးတွဲ စာရင်း (Joint Account) ဖြင့် အပ်နှံမည်ဖြစ်ပါသည်။

အလုပ်အမှုဆောင်အစည်းအဝေးကို လစဉ် လတစ်လ၏ ဒုတိယပတ်(စနေနေ့) တွင်ပြုလုပ်ရန် ဖြစ်သော်လည်း ဧပြီလ အတွက် အစည်းအဝေးကို မြန်မာ့ရိုးရာအတာသင်္ကြန် နှင့် တိုက်ဆိုင်နေပါသဖြင့် ဧပြီလတွင်ပြုလုပ်မည်မဟုတ်ပဲ မေလ အတွက် အစည်းအဝေးနှင့်ပေါင်းစည်းပြုလုပ်မည်ဖြစ်ပါသည်။ 




ယခင်လက်ကျန်ငွေ                ၁ ၃၄၄ ၅၀၀            ကုန်ကျငွေ               ၇၁၁ ၄၀၀
အသင်းဝင်သစ်                         ၈၅ ၀၀၀             လက်ကျန်ငွေ           ၉၇၈ ၁၀၀
အသင်းဝင်ဟောင်                      ၆၀ ၀၀၀
ဒေါ်ရည်မွန်သန့်                       ၂၀၀ ၀၀၀
================================================
စုစုပေါင်း                            ၁ ၆၈၉ ၅၀၀              စုစုပေါင်း            ၁ ၆၈၉ ၅၀၀




အစည်းအဝေးတက်ရောက်သူများ

၁။ ဒေါ်ဒေဝီသန့်စင်   ဥက္ကဌ
၂။ ဒေါ်ခင်မေလွင်     ဒု-ဥက္ကဌ
၃။ ဒေါ်ဖြူဖြူလွင်        ဘဏ္ဍာရေးမှူး
၎။ ဦးဝင်းဇော်လတ်   အတွင်းရေးမှူး
၅။ ဒေါ်ခိုင်ဆွေသင်း   အတွင်းရေးမှူး
၆။ ဦးအောင်မင်း       စိုက်ပျိုးရေးအဖွဲ(၁)
၇။ ဒေါ်မိုးမြင့်ငြိမ်း      စာရင်းစစ်
၈။ ဦးစိုးမြင့်             အဖွဲ့ဝင်
၉။ ဒေါ်ဝင်းနီထွေး     အဖွဲ့ဝင် 

Saturday, March 28, 2015

ရိုးရှင်းသော ဝါးမီးသွေးဖုတ်နည်း
 ( How to Make Bamboo Charcoal in a Simple Way )
ကိုလေ့လာရန် အောက်ဖေါ်ပြပါ link ကိုနှိပ်ပါ။



နှစ်ပတ်လည်တွေ့ဆုံပွဲနှင့်အလုပ်ရုံဆွေးနွေးပွဲ (ညနေပိုင်း)

မြန်မာဝါးချစ်သူများကွန်ယက်၏ အသင်းဝင်များအလုပ်ရုံ ဆွေးနွေးပွဲကို အဖွဲ့ (၄)ဖွဲ့ခွဲ၍ ဆွေးနွေးကြပါသည်။ ဆွေးနွေးပွဲ ရလဒ်များကို ဖေါ်ပြအပ်ပါသည်။



 ဝါးစိုက်ပျိုးရေးအဖွဲ့၏ဆွေးနွေးချက်များဖြစ်ပါသည်။


 ဝါးကုန်ထုတ်လုပ်ရေးအဖွဲ့၏ဆွေးနွေးချက်များဖြစ်ပါသည်။
ဈေးကွက်ဖေါ်ဆောင်ရေးအဖွဲ့၏ဆွေးနွေးချက်များဖြစ်ပါသည်။

တိုးချဲ့ ပညာပေးစည်းရုံးရေးအဖွဲ့၏ဆွေးနွေးချက်များဖြစ်ပါသည်။

အဖွဲ့(၄)ဖွဲ့၏ ဆွေးနွေးချက်များကို ခြုံငုံသုံးသပ်ကြပါသည်။

 

နှစ်ပတ်လည်တွေ့ဆုံပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲ (နံနက်ပိုင်း)

 ၂၈ ၊ ၃ ၊ ၂၀၁၅ (စနေနေ့) တွင် ကျင်းပသော မြန်မာဝါးချစ်သူများကွန်ယက် နှစ်ပတ်လည် အသင်းဝင်များတွေ့ဆုံပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲ မှတ်တမ်းဓါတ်ပုံများ

 




















Friday, March 20, 2015

နှစ်ပတ်လည် အစည်းဝေးပွဲ ဖိတ်ကြားလွှာ




ဖိတ်ကြားလွှာ

မြန်မာနိုင်ငံသည် ဝါးသယံဇာတ ကြွယ်ဝသော နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ယခုအခါတွင်


  • တစ်စ တစ်စ ယိုယွင်းပျက်သုဉ်းလာသော သဘာဝတောမျာကို အချိန်မီ ထိမ်းသိမ်းစောင့်ရှောက်ရန် 
  • နိုင်ငံသားများအနေဖြင့် ဝါး၏အရေးပါမှုကို သတိပြုမိစေရန်နှင့် အသိပညာဗဟုသုတ မျှဝေဖလှယ်နိုင်ရန်
  • ဝါးနှင့်နီးစပ်သော ကျေးလက်နေ အခြေခံပြည်သူတို့၏ အသက်မွေးဝမ်းကြောင်းမှု ဘဝကို မြှင့်တင်ရာတွင် တဖက်တလမ်းမှ အထောက်အကူပေးနိုင်ရန်


ရည်ရွယ်၍ ဝါးချစ်သူများကွန်ယက်ကို ဖွဲ့စည်းခဲ့ပါသည်။

ဝါးကိုချစ်မြတ်နိုးသော ၊ စိတ်ဝင်စားသော၊ ကိုယ်တိုင်ထုတ်လုပ်ရောင်းချနေသော၊ သုတေသနပြုလုပ် ဆောင်ရွက်နေကြသော၊သူများပါဝင်သည့် ဝါးချစ်သူများကွန်ယက်၏ နှစ်ပတ်လည် အသင်းဝင်များတွေ့ဆုံပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ပါသဖြင့် ကြွရောက်ချီးမြှင့်ပေးပါရန်၊ လေးစားစွာဖိတ်ကြားအပ်ပါသည်။

မြန်မာဝါးချစ်သူများကွန်ယက်

နေရက်။         ။ ၂၀၁၅ မတ်လ ၂၈ရက်(စနေနေ့)
အချိန် ။          ။နံနက် ၁၀း၀၀ နာရီမှ ညနေ ၅း၃၀ ထိ
နေရာ။           ။ယုဒဿန်ခန်းမ